မိုးကောင်း နိုဝင်ဘာ ၁၁
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)နာရီ ခွဲတွင် ကျင်းပခဲ့သည်။
အစည်းအဝေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြား ပြီး မိုးညှင်းခရိုင် လူမှုဝန်ထမ်းရုံးမှ ဦးစီးမှူး ဒေါ်အေးအေးခိုင်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော ကလေးသူငယ်များအား နှစ်သိမ့်ဆွေးနွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း၊ တရားရေးအနေဖြင့် အခမဲ့ရှေ့နေနှင့် ချိတ်ဆက်ပေးခြင်း၊ တရားရင်ဆိုင်စရိတ်နှင့် ပြန်လည်ထူထောင်ရေး စရိတ်များကို လူမှုဝန်ထမ်းဦးစီးအနေဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကလေးသူငယ်များကို လူကုန်ကူးမှုမခံ ရအောင်၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားအောင်၊ အိမ်တွင်း အကြမ်းဖက်ခြင်း မခံရအောင် ရပ်ရွာပြည်သူ လူထုမှ ကာကွယ်စောင့်ရှောက်ပေးရပါမည်၊ အကယ်၍ အမှုဖြစ်ပွားခဲ့လျှင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် အသက်(၁၈)နှစ်အောက် ပြစ်မှုကျူးလွန်သော ကလေးများ၊ ကျူးလွန်ခံရသော ကလေးများ ရှိပါက မိုးညှင်းခရိုင် လူမှုဝန်ထမ်းရုံးနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ မိုးကောင်းမြို့နယ်တွင် လူမှုဝန်ထမ်း ဦးစီးဌာနမှ မူလတန်းကြိုကျောင်းဆောက်လုပ်ရန်အတွက် မြေနေရာရရှိရန် ဆောင်ရွက်ပေးနိုင်ရေး၊ တည်ဆောက်ခွင့်ပြုမိန့် လျှောက်ထားခြင်းမရှိသော ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းနှင့် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား လူမှုဝန်ထမ်းဦးစီးဌာနသို့ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထား ရေးကိစ္စရပ်များအား တက်ရောက်လာသည့် မြို့နယ်ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)