ကျောက်ပန်းတောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်

ကျောက်ပန်းတောင်း နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့(အကြို) အသိပညာပေးဟောပြောပွဲကို၊ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၏ အစဦးဆုံးကျောင်းသားလှုပ်ရှားမှုအကြောင်းအရာများ၊ တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်တိုက်ပွဲဝင်သည့် ကျောင်းသားအရေးအခင်းတွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရပုံများကို အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး၊ ယနေ့လူငယ်များအနေဖြင့် နိုင်ငံသားတစ်ယောက်၏ တာဝန်ဖြစ်သော၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး တို့တွင် ကျရာကဏ္ဍမှ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားသည်။ ယင်းနောက် အမျိုးသားနေ့ဆိုင်ရာအကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသားကျောင်းသူများနှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဆိုင်ရာများကို အမေးအဖြေများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

နေအောင်