တောင်ဥက္ကလာပ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ(၂:၀၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေနှင်းက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်နှင့်စာပေ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ လူငယ်နှင့်အကျင့်စာရိတ္တ အကြောင်းအရာတို့ကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှုလေ့လာခြင်းနှင့် ပြသထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ လျှပ်စစ်နှင့်ရေချွေတာသုံးစွဲရေး အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)