သုံးခွ နို၀င်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကျောင်းများ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် အမှတ်(၅)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းနှင့်၀န်းကျင်စိမ်းလမ်းစိုပြေရေး၊ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ပြုလုပ်ခဲ့ကြသည်။
အဆိုပါဒေသဖွံ့ဖြိုးမှု ဆောင်ရွက်ရာတွင် ပညာရေးစစ်ကြောင်းအနေဖြင့် အဖွဲ့ခေါင်းဆောင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်မှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် ကျောင်းနှင့်၀န်းကျင် စိမ်းလမ်းစိုပြေစေရေးအတွက် သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိရန် တာ၀န်ရှိသူ ဆရာ/ဆရာမများကို မှာကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးအတွက် ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဌေးနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက လူငယ်နှင့်စာဖတ်ခြင်း၊ (၁၀၂ )နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတို့ကို ဟောပြောခြင်းနှင့် မြို့နယ်လူငယ်နှင့်အားကစားဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဦးခုပ်စွမ်းခိုင်က လူငယ်နှင့်အားကစား ခေါင်းစဉ်မျာ းဟောပြောဖြင့် အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် ပညာသင်နှစ်ဆိုင်ရာ နံရံကပ်စာစောင်ပြပွဲနှင့် ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်ပြပွဲများကို ပြသခဲ့ရာ ကျောင်းသား/သူများက စိတ်၀င်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
စည်သူလင်း