မချမ်းဘော့၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းဆိုင်ရာ အသိပေးကြေညာချက် Talk Show ဆောင်ရွက်

မချမ်းဘော့ နိုဝင်ဘာ ၁၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်းဆိုင်ရာများနှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လဝက ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဦးစီးအရာရှိ ဒေါ်နီနီလွင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ မြို့နယ်လဝကဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်မြတ်သူက အသိပေးထုတ်ပြန်ချက် အပိုဒ်(၁)(င) ပါနိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက် လက်ဝယ် ကိုင်ဆောင်ထားခြင်းမပြုရန်၊ ကတ်အပိုများ ကိုင်ဆောင်ထားပါက သက်ဆိုင်ရာမြို့နယ် လဝကရုံးများ တွင် အမြန်လာရောက်အပ်နှံရန်၊ အသိပေးထုတ်ပြန်ချက် အပိုဒ်(၂)(ဃ) ပါပုံစံ ၆၆/၆ (အထစ) တစ်ခု ထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ အမြန်လာ ရောက် သတင်းပို့ဖြေရှင်းကြရန်၊ သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ် ပြုကတ်များ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင် ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်းကြရန်နှင့် သတ်မှတ်ကာလဖြစ်သည့် နိုဝင်ဘာလ ၁၅ ရက်ထက်ကျော်လွန်ပါက ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် အချက်များ ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မချမ်းဘော့မြို့နယ်၊ လဝကရုံးအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆိုင်ရာများ၊ အိမ်ထောင်စု လူဦးရေ စာရင်း ကွဲလွဲချက်များ မဖြစ်ပေါ်စေရေးအတွက် မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ ကျေးရွာအုပ်ချုပ်​ရေးမှူးများနှင့် ဆက်သွယ်၍ အသိပညာပေး​ခြင်း၊ အသိပညာ​ပေး ဗီနိုင်းပိုစတာများ စိုက်ထူခြင်းများကို ဆက်မပြတ် အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)