သိန္နီ နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် သိန္နီမြို့တွင် စာအုပ်စာပေများကို ဖတ်ရှုလေ့လာချင်သော်လည်း မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် စာအုပ်များ လာရောက်ငှားရမ်းဖတ်ရှုရန် အခက်အခဲရှိသည့် စာပေဝါသနာရှင်များ အဆင်ပြေစေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းအနေဖြင့် စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ပြည်သူများ၏လက်ဝယ်အရောက် အခမဲ့ သွားရောက်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များအနက်မှ စာပေဗိမာန် စာမူဆုရစာအုပ်များ၊ ဝတ္ထုတို၊ ဝတ္ထုရှည်စုစည်းမှုစာအုပ်များ၊ ကျန်းမာရေးစာအုပ်များ၊ အတုယူအားကျဖွယ် ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတိစာအုပ်များ၊ စိတ်ဓါတ်ခွန်အားဖြည့်စာအုပ်များ၊ ပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အခြားဗဟုသုတရရှိစေမည့် စာအုပ်များကို အခမဲ့ငှားရမ်းပေးခြင်းဖြစ်သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများစာပေဗဟုသုတ ကြွယ်ဝစေရေး၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိစေရေးတို့အတွက် ရည်ရွယ်၍ Mobile စနစ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ နှစ်ပတ်လျှင်တစ်ကြိမ် သွားရောက်၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)