လှိုင်မြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး နေ့စဉ်ရောင်းချပေး

လှိုင်    နို၀င်ဘာ   ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ လှိုင်မြို့နယ်တွင်လည်း အမှတ်(၉)ရပ်ကွက်၊ အင်းစိန်လမ်းတွင် ယနေ့နံနက် ၁၀:၃၀ နာရီ အချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် လှိုင်မြို့နယ်အုပ်ချုပ်‌ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းတို့တွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများတပ်ဆင်ရေး လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို ‌ရောင်းချရာတွင်  စားဆီတစ်ပိဿာလျှင် ၄၄၅၀/-ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်ရဲအောင်