ညောင်ဦးမြို့နယ်၌ တောပျားရှာဖွေရောင်းချသူများ ပျားရည်ဈေးကောင်းရခြင်းကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြ

ညောင်ဦး နိုဝင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်နေပြည်သူများ တောပျားရှာဖွေရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း၊ တစ်ရက်လျှင်တော ပျားရှာဖွေရောင်းချကြရာ နှစ်ပိဿာမှ လေးပိဿာထိ ရှာဖွေရရှိရောင်းချနေရကြောင်း လက်ပံတဲကျေးရွာ တောပျားရှာဖွေရောင်းချသည့် ဦးမျိုးမင်းနိုင်ထံက သိရသည်။

ညောင်ဦးမြို့နယ်၌ တောပျားရှာဖွေခြင်းကို သီတင်းကျွတ်လနှင့် တန်ဆောင်မုန်းလတို့တွင် ရှာဖွေမှုများကြရာ ရှင်မိန်ကျေးရွာ၊ တောင်ဘကျေးရွာ၊ ပြွန်ရွာ၊ တောင်ဇင်းရွာ၊ ထီးပုကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာနှင့် သူကောင်းတည်ကျေးရွာများမှ တောပျားရှာဖွေရောင်းချမှုများကြောင်း၊ တောပျားရှာဖွေကြရာတွင် အန္တရာယ်ကင်း စွာရှာဖွေနိုင်ရန် လည်ရှည်ဖိနပ်များစီးကာ ယာစည်းရိုး၊ ခြံစည်းရိုးနှင့်အုံ့စိုင်းနေသော တောများထဲတွင် ရှာဖွေရကြောင်း၊ ပျားနားတောင်းအုံ၊ ပျားကြီးအုံ၊ ပယင်းပျား၊ တွင်းပျား၊ ပစ်သုန်းပျားများကို အဓိကရှာဖွေရရှိကြကြောင်း သိရသည်။ ပန်းပေါင်းစုံပွင့်သည့် တန်ဆောင်မုန်းလတောပျားများကို တစ်လီတာဘူးတစ်ဘူး တစ်သောင်းကျပ်ရောင်းချရကြောင်း၊ တောပျားဝယ်လိုသူများ စိတ်ကြိုက်ပျားဘို့(ပျားရည်အိမ်)များ ဝယ်ယူသူများ ရှေ့တွင်ညှစ်ပေးခြင်းများလည်း ပြုလုပ်ရောင်းချကြကြောင်း၊ တန်ဆောင်မုန်းများသည် အခြားလများကဲ့သို့ ပျားရည်မညိုပဲ ဝင်းမွတ်ကာကြည်လင်နေကြောင်း၊ တန်ဆောင်မုန်းများကို ဝယ်ယူသူများနှစ်ခြိုက်ကြကာ ပျားရည်ရသလောက်ယူ၍ ပြန်လည်ရောင်းချသည့် ပျားရည်ပွဲစားများလည်းရှိကြောင်း၊ ညောင်ဦးမြို့နယ် ဒေသခံများသည် တောပျားရည် ရောင်းချခြင်းများအား ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းဘေး ဒေသထွက်ကုန် များရောင်းချသည့် ထန်းတဲများတွင် ထန်းလျှက်၊ ထန်းခေါက်ဖာ၊ မြေပဲသစ်သားဆုံဆီ၊ ရောင်းချသည့်ပစ္စည်းများဖြင့် တွဲဖက်ရောင်းချခြင်း၊ ညောင်ဦးမြို့ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ဘုရားများအဝင်ပေါက်များတွင် ပျားရည်ကိုပုလင်းဖြင့်ရောင်းချခြင်း၊ ပျားအုံအတိုင်းရောင်းချခြင်းများရှိကာ တောပျားရှာဖွေရောင်းချသူများ တစ်ပုလင်း ကျပ်တစ်သောင်းရောင်းချရခြင်း၊ (တစ်ပုလင်းလျှင် ငါးဆယ်ကျပ်သား)များကြောင့် တောပျားရှာဖွေရောင်းချသူများ မိသားစုဝင်ငွေတွက်ခြေကိုက်နေကြကြောင်း သူကောင်းတည် ကျေးရွာ တောပျားရှာဖွေရောင်းချသည့် ဦးဆန်းမောင်ကပြောကြား၍သိရသည်။

ကိုကြေးမုံ