သုံးခွ၊ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် (၂၀၂၀) ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးတွင် မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် အထူးရဲ (၁၇၅) ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သုံးခွမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
သုံးခွမြို့နယ်အတွင်း ရပ်ကွက်(၁၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၆၄)အုပ်စု၊ ကျေးရွာခွဲပေါင်း(၁၆၂)ရွာတွင် ဆန္ဒမဲပေးနိုင်ရန် မဲရုံ(၁၇၅)ရုံရှိပြီး မဲရုံအရေအတွက်အတိုင်း မဲရုံတစ်ရုံကို အထူးရဲတစ်ဦးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အထူးရဲရွေးချယ်ခံရသူများအား လာမည့်အောက်တိုဘာလ (၁)တွင်သင်တန်းပေးလေ့ကျင့်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းတွင်ရွေးကောက်ပွဲနှင့်ပတ်သက်သော ဥပဒေအကြောင်းအရာများ၊ အခြေခံစစ်ရေးပြတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည် ဖြစ်သည်။ ခန့်အပ်ထားသော အထူးရဲများအနေဖြင့် မဲရုံလုံခြုံရေး၊ ဆန္ဒမဲပေးသူများ လွတ်လပ်စွာမဲပေးနိုင်ရေး၊ မဲရုံပရဝုဏ်အတွင်း မသက်ဆိုင်သူများဝင်ရောက်မှုမရှိစေရေးနှင့် မဲရုံပတ်ဝန်းကျင်တွင် ဆူညံခြင်း၊ မူးယစ်ရမ်းကားခြင်းမဖြစ်ပေါ်စေရေးအတွက် ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)