မိုင်းပျဉ်း၊ စက်တင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအတွက် ရွေးကောက်ပွဲဆိုင်ရာ ဆင့်ပွားသင်တန်းကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီခွဲက မိုင်းပျဉ်းမြို့ အထကကျောင်း၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးစိုင်းအောင်ပွင့်က သင်တန်းပို့ချရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်နှင့်လုပ်ပိုင်ခွင့်၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ အငြင်းပွားမှုဖြေရှင်းခြင်း၊ မဲဆန္ဒရှင်များအားအသိပညာပေးခြင်း စသည့်အခြေခံကျသည့်လုပ်ငန်းစဉ်များအား ခရိုင်ကော်မရှင်ဥက္ကဋ္ဌဦးစိုင်းရီ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးစိုင်းအောင်ပွင့်နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက်သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၃၁)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် (၁၂၀) ဦးတက်ရောက်ပြီး ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်နှင့်အညီ သင်တန်းအားနံနက် ၉ နာရီခွဲမှ ညနေ ၄နာရီခွဲအထိ အခန်းတစ်ခန်းလျှင် (၃၀) ဦးဖြင့် အခန်း (၄) ခန်းထားရှိသင်ကြားပြီး တစ်ရက်တာသင်တန်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ သိရသည်။
မေမွန်ထွဋ် (ပြန်ဆက်)