သုံးခွ စက်တင်ဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုးအဘွားများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အမျိုးသားလူမှုရေး ပင်စင်များကို ယမန်နေ့ နံနက်ပိုင်းက ရပ်ကွက်/ကျေးရွာများတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းအောင်၊ စာရေးဝန်ထမ်းနှင့် တာဝန်ရှိသူတို့က ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွား (၁၁)ဦးအား တစ်ဦးလျှင် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ) သုံးလအတွက် ငွေကျပ် (၃၀,၀၀၀)စီကို အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
သုံးခွမြို့နယ်တွင် သက်ကြီးအဘိုးအဘွား စုစုပေါင်း(၆၅၁)ဦးရှိပြီး လူမှုရေးပင်စင် ထောက်ပံ့ငွေများ ကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ တာဝန်ရှိသူများနှင့် စာရေးဝန်ထမ်း များက အိမ်တိုင်ရာရောက် သွားရောက်၍ အဘိုးအဘွားများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)