စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဖြူးရောင်းချခြင်းနှင့် Mask Campaign ဆောင်ရွက်

စမ်းချောင်း နိုဝင်ဘာ ၁၁

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ စမ်းချောင်းမြို့နယ် ကျွန်းတော(တောင်) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါစားသောက်ကုန်များကို ရောင်းချရာတွင် အိမ်ထောင်စုတစ်စုအတွက် ဆန်(၁)ပြည်လျှင်(၁၆၀၀)ကျပ်၊  ဆီ(၁)ပိသာလျှင်(၄၇၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံးလျှင် (၁၇၅၀)ကျပ်ဖြင့် အထူးဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း ဝယ်ယူသူ အိမ်ထောင်စုများကလည်း ဝမ်းမြောက်လျက်ရှိကြကြောင်း သိရသည်။

ထိုသို့ရောင်းချရာသို့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေးတို့အတွက် စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးစစ်ကြောင်းမှဦးဆောင်၍ ကြီးကြပ်ကူညီဆောင်ရွက်ပေးလျက်ရှိကာ ကျန်းမာရေးစစ်ကြောင်းတွင်ပါဝင်သည့် ဌာနဆိုင်ရာများက နေအိမ်ပြင်ပထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign လှုပ်ရှားမှုပြုလုပ်ပြီး နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ငြိမ်းချမ်းဝင်း