ခရမ်းမြို့နယ် ခင်တန်းတံတားမြေထိန်းနံရံ တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ခရမ်း စက်တင်ဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် GRF ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် ခင်တန်းတံတား မြေထိန်းနံရံ တည်ဆောက်နေမှုနှင့် တံတားခြေဆင်း ပြိုကျနေမှုအား ယမန်နေ့ နေလယ်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ ခရမ်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး ခရမ်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ခင်တန်းတံတား၏ မြေထိန်း နံရံများ တည်ဆောက်နေမှုနှင့် တံတားခြေဆင်း မြေပြိုကျမှုများအား ကြည့်ရှုစစ်ဆေး၍ ယခုအချိန်အခါသည် မိုးစပါးများ ရိပ်သိမ်းချိန် နီးလာသဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အချိန်မီ ရိပ်သိမ်းနိုင်ရန်အတွက် စပါးရိပ်သိမ်းစက်များ သွားလာတော့မည့် အချိန်ဖြစ်နေသဖြင့် ဆက်သွယ်ရေး လမ်းမကြီး ပြတ်တောက်မှုမရှိစေရေးနှင့် ပျက်စီးနေမှုအပိုင်းအား အမြန်ဆုံး ပြုပြင်စေရေး လမ်းညွှန်မှာကြား၍ လုပ်ငန်းလိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခင်တန်းတံတားအား ၂၀၁၉/၂၀၂၀ ဘဏ္ဍာနှစ်(GRF) ခွင့်ပြုရန်ပုံငွေဖြင့် မြေထိမ်းနံရံ တည်ဆောက်နေခြင်းအား မြို့နယ်ကျေးလက် လမ်းဦးစီးဌာနမှ စက်ယန္တယားများဖြင့် အချိန်မီ ပြီးစီးစေရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း (ခရမ်း)