ထန်းတပင်မြို့နယ်တွင် ရဲဗလတံဆိပ်ချီးမြှင့်ခြင်းခံရသည့် ပုဂ္ဂိုလ်နှစ်ဦးအား ထပ်ဆင့်ဂုဏ်ပြုခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေး

ထန်းတပင်(ရန်ကုန်)    နိုဝင်ဘာ  ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ်ချီးမြှင့်ခံရသည့် ပုဂ္ဂိုလ်များအား ထပ်ဆင့်ဂုဏ်ပြုခြင်းအခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာများအား ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရဲဗလတံဆိပ်ချီးမြှင့်ခြင်းခံရသည့် ထန်းတပင်မြို့နယ်အတွင်းမှ မရွှေဥကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်နှင့်ကလိန်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းကိုယ်စား ဇနီးဖြစ်သူဒေါ်သန်းသန်းမြင့်တို့အား မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ထန်းတပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးတို့က ဂုဏ်ပြုဆုတံဆိပ်နှင့်ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်သွားမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာကိစ္စများကို ပြောကြားခဲ့ပြီး ခရိုင်စီမံကိန်းတာဝန်ခံ ဒေါ်ငုဝါကျော်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် လျာထားဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအပေါ် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးတို့က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရပြီး အခမ်းအနားသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)