မိုင်းယန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင်၊ ပြင်ပဗဟုသုတရရှိစေရန်၊ အနာဂတ်၏ ခေါင်းဆောင်များဖြစ်လာမည့် ကလေးများရဲ့ ဉာဏ်ရည် ဉာဏ်သွေး၊ အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ် စေရန်နှင့် စာပေဖတ်ရှုလေ့လာလိုစိတ် မြင့်မားလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့မွန်းလွဲ ၁ နာရီခွဲက ပါမိုင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ နယ်လှည့်ဝန်ဆောင်မှု စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ခြင်းဖြင့် ရရှိစေနိုင်သည့် အကျိုးကျေးဇူးများကို ဥပမာ၊ သာဓကများနှင့် အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအား သုတ/ ရသ စာအုပ်စာစောင်များ ဖတ်ရှုနိုင်စေရန်အတွက် ခင်းကျင်းပြသငှားရမ်းပေးခဲ့ပြီး “လူကုန်ကူးမှု အန္တရာယ်တာဆီးကာကွယ်” အသိပညာပေးနံရံကပ်စာစောင်ကိုပြသရာ စိတ်ဝင်တစ်စား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး