အမ်းမြို့နယ်၌ နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေး အပ်ပွဲကျင်းပ

အမ်း  နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ တိုက်ပွဲရှောင်စခန်း/စုရပ်များရှိနေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများသို့ ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်က ထောက်ပံ့ငွေနှင့် ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

နေရပ်ပြန်မည့် တိုက်ပွဲရှောင်ပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင်ငွေကျပ်(၅)သိန်းနှုန်းဖြင့် အိမ်ထောင်စု (၂၂၉)စုအတွက် ထောက်ပံ့ငွေကျပ် (၁၁၄၅) သိန်းကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းကလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် အိမ်ထောင်စု (၂၂၉)စုအတွက် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေကျပ် (၂၂၉) သိန်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်ကလည်းကောင်း၊ လူတစ်ဦးလျှင် ရိက္ခာဆန်(၁) ရက် (၂) ဘူးနှုန်းဖြင့် လူဦးရေ(၁၀၃၂)ဦးအတွက် ရိက္ခာဆန်(၁)လစာ တန်ဖိုးငွေကျပ် (၉၂၈၈၀၀၀)ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က လည်းကောင်း၊ လူသုံးကုန်ပစ္စည်း (၁၇)မျိုးပါ Family Kit ပုံးများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေထားဇော်ကလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ရာ အိမ်ထောင်စု (၂၂၉)စုကိုယ်စား ကိုယ်စားလှယ်များက  လက်ခံရယူခဲ့ကြကြောင်းသိရသည်။

 စိုးမင်းထွန်း(ပြန်/ဆက်)