ပန်းဘဲတန်း နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၁)နာရီတွင် အ.ထ.က(၁)ကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပန်းဘဲတန်းမြို့နယ် အ.ထ.က (၁)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်က အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အထိမ်းအမှတ်နေ့များကို အမြဲအမှတ်တရရှိနေစေရန်နှင့် အထိမ်းအမှတ်နေ့များ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို လေ့လာဖတ်ရှုတတ်စေရန်ရည်ရွယ်ပြီး ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ပေးရခြင်း ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပန်းဘဲတန်းမြို့နယ် အ.ထ.က (၁) ကျောင်းမှ ဆရာမ ဒေါ်သန္တာဦးက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံနှင့် အမျိုးသား အောင်ပွဲနေ့အကြောင်း သိကောင်းစရာများကို ဟောပြောရာတွင် အမျိုးသားအောင်ပွဲနေ့သည် ယခုနှစ်တွင် (၁၀၂) နှစ်ပြည့်မြောက်ခြင်း ဖြစ်ကြောင်း၊ အမျိုးသားအောင်ပွဲနေ့ စတင်ဖြစ်ပေါ်လာသည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမြဲအမှတ်တရရှိနေပြီး အမျိုးသားရေးစိတ်ဓာတ်၊ မြန်မာစာပေ၊ အမျိုးသားယဉ် ကျေးမှုအမွေအနှစ်များ အစဉ်ထိန်းသိမ်းစောင့်ရှောက် စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများထဲမှ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းရာ တက်ရောက်လာကြသည့် ကျောင်းသူများက ဖြေဆိုခဲ့ကြရာ ဖြေဆိုနိုင်သည့် ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သတင်းရသည်။
ဒေါ်ဦးဆန်းကြည်