သံတွဲမြို့၌ Mobile Library မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး

သံတွဲ နိုဝင်ဘာ ၁၁

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ စာအုပ်စာပေများကို လေ့လာဖတ်ရှုသည့် အလေ့အထကောင်းများဖြစ်ပေါ်လာစေပြီး အသိပညာဗဟုသုတများ တိုးပွားလာစေရေးအတွက် ယနေ့နေ့လယ် ၁၂ နာရီက Mobile Library မော်တော်ယာဉ်ဖြင့် သံတွဲခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ သွားရောက်ပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ သုတ/ရသ စာအုပ်များကို ငှားရမ်းပေးခဲ့သည်။

ထိုသို့ငှားရမ်းရာတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ အားရဝမ်းသာစွာဖြင့် Mobile Library မော်တော် ယာဉ်သို့ လာရောက်ပြီး သုတ/ရသ စာအုပ်များကို ငှားယူကြရာ တစ်ယောက်လျှင် (၂) အုပ်နှုန်းဖြင့် တစ်ပတ်ကြာ ငှားရမ်းပေးခဲ့ပြီး အသင်းဝင်စာငှားကတ်များကိုလည်း အခမဲ့ဆောင်ရွက် ပေးခဲ့သည်။

ယခုကဲ့သို့ ငှားရမ်းဆောင်ရွက်ပေးခြင်းမှာ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေကောင်းများကို လေ့လာ ရှာမှီးတတ်စေပြီး စာပေဖတ်ရှုမှု ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် အလုပ်တာဝန်များကြောင့် မအားမလပ်ဖြစ်နေသူများ၊ အချိန်မရ၍ စာကြည်တိုက်သို့ စာအုပ်စာပေများ လာရောက်ငှားရမ်း နိုင်ခြင်းမရှိသူများကို ရည်ရွယ်ပြီး ယခုလို ဌာနဆိုင်ရာများအရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဖြစ်ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)