ဒဂုံအရှေ့ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောနှင့် အားကစားပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း အဆောင်(၂)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေအေးက “အားကစား” ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယ ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်၍ ကျောင်းသား/ကျောင်းသူ လူငယ်များ အားကစားကို လေ့ကျင့် အသုံးချစေရန် အသိပညာပေးဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများကို လှုဒါန်းပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် အလက(၂)ကျောင်း တာဝန်ခံဆရာမတို့က လက်ခံရယူခဲ့သည်။
ဆက်လက်၍ အလက(၂)ကျောင်းတာဝန်ခံ ဆရာမ ဒေါ်ခင်ဇာခြည်မြင့်က ကျောင်းသား/ကျောင်းသူ လူငယ်များအတွက် အားကစားဆိုင်ရာ အကြောင်းအရာများနှင့် အားကစားပစ္စည်းများ လှုဒါန်းပေးအပ်မှုအပေါ် ကျေးဇူးတင်စကားပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက FitnessDance၊ မြန်မာသိုင်းအားကစားနည်းတို့ဖြင့် သရုပ်ပြသပေးရာမြို့နယ် ပညာရေးမှူးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူးတို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီးနောက်အဆိုပါ အခမ်းအနားသို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းပြများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၃၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သတင်းရသည်။
ဝင်းအိမွန်(ပြန်/ဆက်)