၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ-၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း) ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ(၁၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပ သည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်(တောင်ပိုင်း) အနေဖြင့် ၂၀၂၂ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူဦးရေ (၁၅၆၇၈)ဦး ရှိခဲ့ပြီး အောင်ချက် (၄၁.၁၀)ရာနှုန်းရှိခဲ့၍ ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူဦးရေ (၈၄၆၉)ဦး ရှိပါကြောင်း၊ ၂၀၂၃ တက္ကသိုလ်ဝင် စာမေးပွဲတွင် အမြင့်မားဆုံး အောင်ချက်ရာနှုန်းရရှိအောင် ကြိုးစားအားထုတ်ကြရန် ပြောကြားလိုကြောင်း၊ ပြည်ထောင်စု ပညာရေးဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံ ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ အောင်ချက်မြင့်မားရေးအတွက် အဆင့်မြင့်ပညာဦးစီးဌာန၊ တောင်ကြီးတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံဆွေးနွေးပွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က သင်တန်းတက်ရောက်မည့် ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း  သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး (ဒုတိယအကြိမ်) အလုပ်ရုံ ဆွေးနွေးပွဲသို့ ဆရာ၊ဆရာမ (၁၀၁၉)ဦး တက်ရောက်ကာ အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က (၄) ကျောင်းတို့တွင် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၀) ရက်မှ (၁၁) ရက် အထိ (၂) ရက်  ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)