ကျိုက်ထို နိုဝင်ဘာ ၁၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ (၁၀၂)နှစ်မြောက် အမျိုးသားနေ့အကြို စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် အမှတ် (၄)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အမျိုးသားအောင်ပွဲနေ့ အကြောင်းအား ဟောပြောခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင် ခဲ့ကြသည်။
ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာလိုက်နာရမည့် စည်းကမ်းချက်များ၊ ဥပဒေများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေး၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ စိတ်ကြွရူးသွပ်ဆေးများ၏ အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်တားဆီးနေထိုင်ရေး အစရှိသည့် နံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ရခြင်းမှာ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အထရရှိစေရေး၊ စဉ်းစားတွေးခေါ်မှု မြင့်မားစေရေးနှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)