နမ္မတူမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ပြပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပ

နမ္မတူ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသာအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် ဟောပြောပွဲ၊ စာအုပ်စာစောင်၊ နံရံကပ် စာစောင်ဓာတ်ပုံပြပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့ နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ဗြိတိသျှတို့ပြဌာန်းသော ကျွန်ပညာရေးဥပဒေများ၊ ရန်ကုန်ယူနီဗာစီတီအက် ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁)ဦးအကြောင်းနှင့် အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ရေး စသည့် အကြောင်းအရာများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် (၁၀၂)နှစ်မြောက်အမျိုးသာအောင်ပွဲနေ့ အထိမ်းအမှတ်အကြို “အမျိုးသားအောင်ပွဲနေ့ တို့မမေ့”ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအားကျင်းပရာ အမှတ် (၃)အခြေခံပညာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၉)ဦး ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ (၁၀၂)နှစ်မြောက် အမျိုးသာအောင်ပွဲနေ့အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓါတ်ပုံပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)