ကျောက်တန်း စက်တင်ဘာ ၁၉
ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်ပါ ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာ နေရာများတွင် မီးသတ်ယာဉ်ဖြင့် ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးအောင်ကျော်ဝင်း၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောက်တန်းမြို့နယ် အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ကြေညာချက်များအား ပြည်သူများ သိရှိနိုင်စေရန်နှင့် ပြည်သူများအနေဖြင့် ရောဂါကာကွယ်နိုင်ရန် နေအိမ်ပြင်ပသွားလာခြင်းအား တတ်နိုင်သ၍ ရှောင်ကျဉ်ရန်၊ မဖြစ်မနေသွားလာရမည်ဆိုပါက ပါးစပ်နှင့်နှာခေါင်းကို လုံအောင် Mask တပ်ဆင်ရန်၊ နှာချေချောင်းဆိုးတိုင်း တစ်သျှူး(သို့မဟုတ်) လက်ကိုင်ပုဝါအသုံးပြုရန်၊ အပြင်မှ ပြန်လာတိုင်း (သို့မဟုတ်) အရာဝတ္တုများကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ခန့် ကြာအောင် သေချာစွာဆေးကြောရန်၊ လူစုလူဝေးနေရာများကို လုံးဝ(လုံးဝ) မသွားကြရန်နှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆) ပေအကွာတွင် နေထိုင်ကြရန် စသည့် အသိပညာပေးခြင်းများကို ပြည်သူများ သိရှိနိုင်ရန် မီးသတ်ယာဉ်ဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင် ပိုးတွေ့ အတည်ပြုလူနာ(၅)ဦး ရှိလာသဖြင့် ပြည်သူများအနေဖြင့် ရောဂါပျံ့နှံ့ မှုမှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာကြရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ နေ့စဉ်နံနက် ၇ နာရီတွင် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)