တာမွေမြို့နယ်တွင် တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအား ဒုတိယမြို့တော်ဝန် ကွင်းဆင်းကြည့်ရှုစစ်ဆေး

တာမွေ နိုဝင်ဘာ ၁၀

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးညီညီသည် ယနေ့ နံနက်ပိုင်းအချိန်က သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်အတူ တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက် အောင်မင်္ဂလာလမ်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့ မနက်ပိုင်းအချိန်က တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦအား မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများက တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးတွေ့ရှိချက်များကို တင်ပြခဲ့ရာ ဒုတိယမြို့တော်ဝန်က အဆိုပါ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦသည် အန္တရာယ်ရှိ အဆောက်အဦဖြစ်သဖြင့် ဆက်လက် လူနေထိုင်ခွင့်မပြုရန်၊ အဆောက်အဦအား အသစ်ပြန်လည် တည်ဆောက်နိုင်ပါက အသစ်ပြန်လည်တည်ဆောက်ရန်နှင့် အသစ်ပြန်လည် မတည်ဆောက်နိုင်ပါက အကြီးစား ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှ နေထိုင်ခွင့်ပြုနိုင်ရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်အနောက်ဘက်ဝရန်တာ ပြိုကျမှုဖြစ်ပွားခဲ့သည့် အဆောက်အဦမှာ (၂)ခန်းတွဲ၊ (၅)ထပ်တိုက် (ဟောင်ကောင်)အမျိုးအစားဖြစ်ပြီး အခန်းအရေအတွက်မှာ (၁၀)ခန်းရှိကာ လွန်ခဲ့သော နှစ်ပေါင်း(၃၂)နှစ်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)