တွံတေးမြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စု (၄၄၃၁၅) စုအတွက် ထောက်ပံ့ငွေများ ပေးအပ်

တွံတေး  စက်တင်ဘာ  ၁၉

ရန်ကုန်တိုင်းဒေသကြီး၊  တွံတေးမြို့နယ်၌ နိုင်ငံတော်မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အိမ်ထောင်စုတစ်စုချင်းအလိုက် ငွေကြေးထောက်ပံ့နိုင်ရေးအတွက် ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံလူတန်းစားများအား အဆင်ပြေစေရေးအတွက် အိမ်ထောင်စု (၁) စုလျှင် ပထမအကြိမ် (ဆန်၊ ဆီ၊ ဆား၊ ပဲ)၊ ဒုတိယ အကြိမ် ငွေကျပ် (၂၀,၀၀၀)၊ တတိယအကြိမ်ငွေကျပ် (၂၀,၀၀၀)၊ စတုတ္ထ အကြိမ် ငွေကျပ် (၂၀,၀၀၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး ပဉ္စမအကြိမ် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၄၄၃၁၅) စုအတွက် ငွေကျပ်သိန်းပေါင်း (၈၈၆၃)သိန်းအား တွံတေးမြို့ပေါ် (၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅) အုပ်စုရှိ ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများအား ဆက်လက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများကတစ်ဆင့် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် ရပ်မိရပ်ဖများက အိမ်တိုင်ရာ ရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မျိုးလှိုင်(တွံတေး)