ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေနှင့် စပ်လျဉ်းသည့်အခွန်ရှောင်တိမ်းမှုများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၁၀

မွန်ပြည်နယ် အခွန်ဦးစီးဌာနက ဖွင့်လှစ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင် ခြေနှင့်စပ်လျဉ်းသည့် အခွန်ရှောင်တိမ်းမှုများအား ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အခွန်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်အခွန်ဦးစီးဌာနမှူး ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေနှင့်စပ်လျဉ်းသည့် အခွန်ရှောင်တိမ်းမှုများအား ရှင်းလင်း ဆွေးနွေးပြီး အများပြည်သူများသို့ အခွန်ရှောင်တိမ်းခြင်း (Tax Evasion) အခွန်ဆိုင်ရာ ဥပဒေများကို သိလျက်နှင့်တမင် ကြံရွယ်ချက်ဖြင့် ဖောက်ဖျက်ခြင်း၊ ပေါ့ဆမှု မရိုးဖြောင့်မှုကြောင့် အခွန်လျော့နည်းပေးဆောင်ခြင်း အစရှိသည့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာငွေ ဆုံးရှုံးမှုဖြစ်ပေါ်စေခြင်းတို့နှင့် ငွေကြေးခဝါချမှု ကိစ္စရပ်များအား အခွန်ပညာပေး အစီအစဉ်များ ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မွန်ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးအားလုံးနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအင်အား (၇၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်