လယ်ဝေးမြို့နယ်၌ လူငယ်စကားဝိုင်းကျင်းပ

လယ်ဝေး နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်​ထောင်စုနယ်မြေ၊ပြန်ကြားရေးနှင့်​ ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူး​ ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ဒုတိယ မြို့နယ် ပညာရေးမှူးဒေါ်မေချိုမီမောင်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားသည်။

ထို့​နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ်များသည် နိုင်ငံတော်အတွက် တန်ဖိုးရှိသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးနိုင်ရန်၊  မိမိတို့၏ ဉာဏ်ပညာဖြင့်အမှား၊ အမှန်ကိုခွဲခြားနိုင်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရန်နှင့် မိမိအမျိုး ဘာသာသာသနာကို တန်ဖိုးထားမြတ်နိုးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။

ထို့နောက်  အ.ထ.က(၁)၊လယ်​ဝေး၊ Grade8(A) မှ မမေပြည့်စုံထွန်းက လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ Grade 11 (A) မှမအေးဘုန်းပြည့်ဖြိုးက လူငယ်နှင့်မီဒီယာ၊ Grade 10 (A) မှမသုဝေစံက လူငယ်နှင့်စာရိတ္တ၊ Grade 8 (B)မှ မသင်းစုစုဇော်က လူငယ်နှင့်ကျန်းမာရေး စသည့်ခေါင်းစဥ်များဖြင့် ဆွေးနွေးရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ အ.ထ.က(၁)လယ်ဝေးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းမြင့်နှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနား အပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူငယ်ရေးရာ အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝေကြည်