ရွာငံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်ငှက်ကျေးရွာအုပ်စု၊ အုပ်တွင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းနှင့် ဒေသနေပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
တွေ့ဆုံပွဲတွင် ရွာငံမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသောပြည်သူများအား နှာခေါင်းစည်း Mask များ အသီးသီးပေးဝေခဲ့ကြသည်။
ဆက်လက်၍ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကူးစက်မှုမရှိစေရေး ကာကွယ်ဆေးထိုးနှံရေး၊ အေးချမ်းစွာအတူတကွ နေထိုင်လုပ်ကိုင်ကြရန် ပြည်သူများပူးပေါင်းပါဝင်နိုင်ရေး စသည်တို့ကိုရှင်းလင်းပြောကြားပါသည်။ ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဦးက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ မူးယစ်ဆေးဝါးရောင်းဝယ်/သုံးစွဲနှင့်မူးယစ်ရန်းကားခြင်း ဥပဒေဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မိမိတို့ဌာနအလိုက် သက်ဆိုင်သည့်လုပ်ငန်းများအား ရှင်းလင်းကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းခဲ့ကြပြီးတက်ရောက်လာကြသော ပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရွာငံ(ပြန်/ဆက်)