မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

မူဆယ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကလေးအလုပ်ပပျောက်‌ရေးဆိုင်ရာ အသိပညာပေး Talk  Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည်များကို မေးမြန်းခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး မူဆယ်ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်က ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ ဆုံးရှုံးမှုမဖြစ်စေရန် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ရှိရမည်၊ ကလေးများကို အကြမ်းဖက်မှုများမှလည်း ကာကွယ်စောင့်ရှောက်ရမည်၊ မူဆယ်ခရိုင်အနေဖြင့်လည်း ကလေးအလုပ်သမားပပျောက်ရန်အတွက် အသိပညာပေးခြင်းများ၊ ဌာနဆိုင်ရာများ၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့များ၊ ပရဟိတအသင်းများ၊ ရပ်ရွာအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်ထားခြင်းများ ထားရှိခြင်း၊ (၁၄)နှစ်အောက်ကလေးများ အတင်းဓမ္မခိုင်းစေခြင်းခံရပါက ကျခံရမည့်ပုဒ်မများအကြောင်း၊ ကလေးအလုပ်သမားပပျောက်ရန်အတွက် ဌာနဆိုင်ရာများသာမက ပြည်သူလူထုများက ဝိုင်းဝန်ပါဝင်ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)