ရန်ကုန်၊ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များပြားလာလျက်ရှိပြီး ဒေသခံပြည်သူများ ကူးစက်ပျံ့နှံ့မှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများကို ယနေ့မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ဒလမြို့နယ်ပြည်သူ့ဆေးရုံရှိ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အတွက် ဦးအောင်ကျော်မင်း+ဒေါ်သင်းသင်း မိသားစု(အောင်ပြည့်စုံ ကုန်မျိုးစုံ)မှ အလှူငွေကျပ် ၁၅ သိန်းနှင့် Surgical Masks (၁၀၀၀၀)၊ မြို့နယ်ပညာ/ကျန်းမာဖောင်ဒေးရှင်းမှ အလှူငွေကျပ် ၅ သိန်းတို့ကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းထံ အလှူရှင်များကပေးအပ်ခဲ့ရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာ/ကျန်းမာဖောင်ဒေးရှင်မှ အလှူငွေကျပ် ၅ သိန်း၊ ဗိုလ်မှူးဝင်းသိန်း (အငြိမ်းစား) + ဒေါ်ငွေလှိုင်နှင့် ဆွေမျိုးတစ်စုမှ အလှူငွေကျပ် ၅ သိန်း၊ ဦးအောင်မြင့်+ ဒေါ်ခင်သန်းလွင် မိသားစုမှ ရေသန့်(၁)လီတာ ၆လုံးပါကဒ် (၁၀၀) တို့ကို လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေးထံ အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့အတူ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်များ လှူဒါန်းကြသည့် လှူဒါန်းငွေများကို ဒလမြို့နယ်၌ ဖွစ်လှစ်ထားရှိသည့် စောင့်ကြည့်ရေးစခန်းများတွင် ရောက်ရှိနေသော စောင့်ကြည့်လူနာများအတွက် အာဟာရဒါန(နေ့စဉ် နံနက်-နေ့လည်-ညစာ) စားသောက်ရေးနှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ် ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက ပြောကြားခဲ့သည်။
ဒလမြို့နယ်၌ စောင့်ကြည့်ရေးစခန်း ၂ ခုရှိ Quarantine ဝင်ရောက်နေသူများအား နေရာထိုင်ခင်း၊ ကျွေးမွေးရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ပိုးသတ်ဆေးဖျန်းခြင်းတို့ကို လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်း၊ ကြက်ခြေ နီသူနာပြုတပ်ဖွဲ့ဝင်များက နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ SAVE လူမှုကူညီရေးအသင်းမှ အစားအသောက်များ နေ့စဉ်ချက်ပြုတ်ကျွေးမွေးရေးတို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)