မန်တုံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ခြင်းအကျိုးကျေးဇူး အသိပညာပေး ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဒေါ်စန္ဒာစိုး ( Book Club အဖွဲ့ဥက္ကဋ္ဌ) က စာဖတ်ခြင်းသည် လူအများစုတွင် ခုံမင်စွဲလမ်းတတ်သော ဝါသနာတစ်ခုဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ကပွဲကြည့်ရှုခြင်းတို့ကဲ့သို့ စိတ်အပန်းပြေစရာ တစ်ခုအဖြစ်လည်း သဘောထားနိုင်ကြောင်း၊ အနုပညာခံစားမှုတစ်ခုအဖြစ်လည်း နှစ်သက်မက်မောစရာဖြစ်နိုင်ပါကြောင်း၊ စာဖတ်ခြင်းသည် ဗဟုသုတကိုသာ ရရှိစေသည်မဟုတ်ဘဲ စိတ်ယဉ်ကျေးမှုကိုလည်း တိုးတက်ပြောင်းလဲစေနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် လူ့သဘောသဘာဝ၊ လူအများကို ပိုမိုစာနာသဘောပေါက်နိုင်ကြောင်း၊ လူ့သမိုင်း တိုးတက်ပြောင်းလဲမှုအတွက် တွေးတောကြံဆကြသော နိုင်ငံရေး၊ လူမှုရေးသဘောတရား အမြင်အမျိုးမျိုးကိုလည်း ကျယ်ကျယ်ပြန့်ပြန့် နားလည်လာနိုင်ကြောင်း၊ စာရေးခြင်း၊ စာဖတ်ခြင်းတို့သည် ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာခဲ့ရာ ကျောက်စာ၊ ပေစာ ခေတ်မှ စက္ကူပေါ်မင်ဖြင့်ရေးသားခြင်း၊ စက္ကူပေါ်ပုံနှိပ်ခြင်းတို့ကိုဖြတ်ကာ ယခုအခါ ကွန်ပျူတာဖြင့် ရေးသားခြင်း၊ အင်တာနက်တွင်ရေးသားခြင်း ခေတ်ဆီသို့ ပြောင်းလဲရောက်ရှိလာပြီဖြစ်ကြောင်း၊ ကွန်ပျူတာနှင့်အင်တာနက်ကို မစဉ်းစားနိုင်သေးပင်လျှင် သာမန်စာအုပ်စာတမ်းများဖြင့် စာဖတ်သူ အဆင့်မှာလည်း ဘဝကိုပြောင်းလဲစေသော အခွင့်အလမ်း များစွာရရှိနိုင်ကြောင်း၊ လူငယ်တို့ကို စာဖတ်လိုစိတ်ဖြစ်ပေါ်လာအောင်နှင့် စာဖတ်လိုစိတ်မှတစ်ဆင့် စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးရန်အတွက် စာကြည့်တိုက်များနှင့် ရပ်ကွက်စာကြည့်အသင်းများ၊ သက်သာသော စုပေါင်းစာအုပ်အငှားဆိုင်များကို စုပေါင်းစာအုပ် အငှားဆိုင်များလိုအပ်ကြောင်း၊ စာဖတ်ခြင်းသည် လူသားတို့ကို ဘဝလမ်းကိုအားမာန်ဖြင့် လျှောက်လှမ်းစလူငယ်များကို တစ်ဦးချင်းအနေဖြင့် တိုးတက်ပြောင်းလဲစေနိုင်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။
မန်တုံ(ပြန်/ဆက်)