မချမ်းဘော့ နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု နှစ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စံပြကွက် ရိတ်သိမ်းပွဲကို ယနေ့နံနက် ၁၀နာရီက မြို့မရပ်ကွက် (၄) တောင်သူ ဦးရမ်ဆိုင်း၏ လယ်မြေ၊ OSSကွင်း ၊ ဦးပိုင်အမှတ်( ၁ ) စိုက်ဧက (၃)ဧကတွင် ကွင်းဆင်းရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတူးဂျာနှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးဟီလီရဲ့၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်လွင်နှင့် တာဝန်ရှိသူများက ပူးပေါင်းရိတ်သိမ်းခဲ့ကြပြီး ဆင်းဧကရီ-၃ မိုးစပါးတစ်ဧကလျှင် ၁၁၈.၄၅ တင်းထွက်ရှိကြောင်း သိရသည်။
မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်စပါးမျိုး စိုက်ပျိုးမှုနှင့် ပတ်သက်၍ လယ်မြေပိုင်ရှင် ဦးရမ်ဆိုင်းက ယခင်နှစ် အခြားစပါးမျိုးစိုက်ပျိုးမှု အထွက်နှုန်းထက် ဆင်းဧကရီ-၃စိုက်ပျိုးမှု အထွက်နှုန်းမှာ ပိုကောင်းသည့်အတွက် လာမည့်နှစ်များတွင်လည်း အထွက်နှုန်းတိုးသည့် မျိုးကောင်းမျိုးသန့်စပါး ဆင်းဧကရီစပါးမျိုးကိုသာ ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မချမ်းဘော့မြို့နယ်တွင် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၇)အုပ်စုရှိပြီး ယခုနှစ် မိုးစပါး ဆင်းဧကရီ-၃ စပါးမျိုးကို တစ်မြို့နယ်လုံးအနေဖြင့် ဧက၂၀၀ ဧကစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယောရွှေနီ