လားရှိုး နိုဝင်ဘာလ ၁၀
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ လားရှိုးပညာရေးဒီဂရီကောလိပ်က ဖွင့်လှစ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က လားရှိုးမြို့ ပညာရေးဒီဂရီကောလိပ်ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူးရုံး (ရုံးခွဲ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးက အဖွင့်အမှာစကား ပြောကြားပြီး လားရှိုးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက သင်တန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက် အကူပြု ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက ရှမ်းတိုင်းရင်းသားရိုးရာအက၊ ကချင်တိုင်းရင်းသားရိုးရာအက၊ လားဟူတိုင်းရင်းသားရိုးရာအက အလှများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။
တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ ဆရာ၊ ဆရာမ စုစုပေါင်း (၂၀၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၃)ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)