ပျော်ဘွယ် နိုဝင်ဘာ ၁၀
ပျော်ဘွယ်မြို့နယ် ပညာရေးမှူးရုံးမှ ဦးဆောင်၍ ဆရာ၊ ဆရာမများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဦးလှထွန်းက အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆရာ၊ ဆရာမများအနေဖြင့် ပို့ချချက်များအပေါ် အလေးထားဆွေးနွေးနိုင်ရေး တို့အား ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးက စီမံခန့်ခွဲရေးဘာသာရပ်ဆိုင်ရာများကို လည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူးနှစ်ဦးက ပညာရေးဆိုင်ရာဘာသာရပ်နှင့် ဘဏ္ဍာရေး ဆိုင်ရာဘာသာရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းအုပ်ဆရာ၊ ဆရာမ စုစုပေါင်း (၂၄၁) ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ (၂) ရက်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)