မိတ္ထီလာ နိုဝင်ဘာ ၁၀
မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် 1000LPH ရေသန့်စက် (RO Sydtem) နှင့် ရေသန့်စက်ရုံတည်ဆောက်ပြီးစီး၍ ဒေသခံပြည်သူများအား သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိပြီဖြစ်ကြောင်း ကျေးရွာရေကော်မတီဥက္ကဌ ဦးသန်းထိုက် ထံမှ သိရသည်။
မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆည်ကုန်းကျေးရွာကို ရေရရှိရေးလုပ်ငန်းများ မဆောင်ရွက်မှီကာလများတွင် ကျေးရွာနှင့် ဝေးကွာသည့်ရေချောင်းမှ ခက်ခဲစွာ ရေခတ်ယူရပြီး ယခုလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာသို့ ကျေးလက်ရေ ရရှိရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည် ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ရေမီတာစနစ်ဖြင့် အိမ်တိုင်ရာရောက် ရေပိုက်သွယ်တန်းခြင်း အပြင် 1000LPHရေသန့်စက် (RO Sydtem)နှင့် ရေသန့်စက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည့်အတွက် မိမိတို့နေအိမ်တွင် ရေဘားဖွင့်ရုံဖြင့် အလွယ်တကူရေကို သုံးစွဲနိုင်သည့်အပြင် ရေသန့်ကိုလည်း အလွယ်တကူ သောက်သုံးနိုင်ပြီဖြစ်ကြောင်း ကျေးရွာရေကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံမှ သိရသည်။
မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် အနက်ပေ ၇၀ ရှိ ၃ လက်မ စက်ရေတွင်း (၅) တွင်း တူးဖော်ခြင်း၊ ဂါလံ ၂၄၀၀ ဆံ့ ရေစင် တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ အရှည်ပေ ၄၀၀၀ရှိ ၂ လက်မ PVC ပိုက် လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် အိမ်တိုင်ရာရောက် ရေမီတာသုံး ပိုက်လိုင်းရေသွယ်စနစ်နှင့် အရှည်ပေ ၅၂၈၀ရှိ ၂လက်မPVCပိုက်သွယ်တန်းခြင်းလုပ်ငန်း၊ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် နိုင်ငံတော် မတည်ငွေ သိန်း ၁၀၀ နှင့် ပြည်သူလူထု၏ ထည့်ဝင်ငွေ သိန်း ၁၂၀ တို့ဖြင့် 1000LPH ရေသန့်စက် (RO Sydtem) နှင့် ရေသန့်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)