ကျောက်ဆည်မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည် နိုဝင်ဘာ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲ အချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မြို့နယ်ပညာရေးမှူး  ဒေါ်ခင်မာလာကက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ဆွေးနွေးပွဲ စည်းမျဉ်းစည်းကမ်းများအကြောင်း အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူးရုံးမှ လက်‌ထောက်ပညာရေးမှူး ဒေါ်လဲ့လဲ့အေး (ပညာ)နှင့် လက်ထာက် ပညာရေးမှူး ဒေါ်ထားထားရွှေ (စီမံ)တို့က အခြေခံပညာအဆင့်တွင် ကျောင်းအုပ်ကြီးများ လိုက်နာဆောင်ရွက်ရမည့်အကြောင်းများ၊ လုပ်ဆောင်ရမည့် လုပ်ငန်း တာဝန်များ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ သိသင့်သိထိုက်သည့် အကြောင်းများ အကြောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးများမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးညွှန်ဝင်းနှင့် ဦးညီညီမင်းတို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်မည့် အစီအစဉ်များ၊ လူရည်ချွန်ရွေးချယ်မည့် လုပ်ငန်းအစီအစဉ်များ အကြောင်းနှင့် ခေါင်းဆောင်မှု နည်းဗျူဟာများအကြောင်း ဦးဆောင် ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများမှ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ (၁၀)ရက်နေ့မှ (၁၁)ရက်နေ့ထိ (၂)ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးပွဲတွင် အခြေခံပညာ အထက်တန်းကျောင်း (၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၉) ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၉) ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း (၂၅) ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း (၁၃၀) ကျောင်း၊ စုစုပေါင်း (၁၈၆) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီး (၁၈၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)