ဗန်းမော် နိုဝင်ဘာ ၁၀
ကချင်ပြည်နယ် ဗန်းမော်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)ကျောင်း မေတ္တာခန်းမ၌ ကျောင်းသားကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောခြင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲ က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကျောင်းသားကျောင်းသူများအား (၁၀၂)မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အမျိုးသားအောင်ပွဲနေ့အကြောင်း သိမှတ်ဖွယ်ရာများ၊ ကျောင်းစာအပြင် အသိ ပညာဗဟုသုတ တိုးပွားလာစေရန် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကိုယ်ဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ၊ လူငယ်နှင့် စာရိတ္တအကြောင်း များကို အသိပညာပေးဟောပြောပြီး ဗန်းမော်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆန္ဒမွန်က စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ကြကာ အခြေခံပညာအထက်တန်းကျောင်းခွဲ(အလက-၃)ကျောင်းမှ ဆရာဆရာမများ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၃၁၀)ဦး တက်ရောက်ခဲ့သည်။
ယင်းနောက် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ခင်းကျင်း ပြသထားသည့် ကိုယ်ဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ မှတ်သားဖွယ်ရာများ၊ လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်၊ ကြိုတင်ကာကွယ် မျောက်ကျောက်ရောဂါအန္တရာယ် နံရံကပ် စာစောင်နှင့် ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတရရှိစေသည့် သုတရသစာအုပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်