သီပေါ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ချေးငွေလုပ်ငန်း အကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွေ့ဆုံပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက ကြွေးကျန်များ မရှိစေရန်၊ ယခုထုတ်ချေးပေးထားသော ငွေများသည် စိုက်ပျိုးစရိတ်ချေးငွေအပြင် Covid-19 ရောဂါ အတွက်ပါ ကြိုတင်ထုတ်ချေးပေးထားကြောင်း၊ အစိုးရချေးငွေမဟုတ်ဘဲ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ထုတ်ချေးပေးထားသည့် ချေးငွေများဖြစ်ကြောင်း၊ လုပ်သားအစားထိုး လယ်ယာသုံးကိရိယာ များဝယ်ယူရန် (၅) နှစ်အတွင်း (၅)ရစ်နှုန်းဖြင့် ချေးငွေများ ဆပ်သွားနိုင်ရန် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဒေါ်စန်းစန်းအေးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် အချိန်စေ့လွန်ကြေးကျန် (NPL)များ ကောက်ခံရရှိမှု ကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်ချေး ငွေ အကြံပေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက သီပေါမြို့နယ် အနေဖြင့် အခွန်အခကြွေးမြီ ပြဿနာများမရှိပါကြောင်း၊ လစဉ်လပတ်အစည်းအဝေးတွင် အုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့်တွေ့ဆုံပြီး ကြွေးကျန်မရှိစေရေး နှိုးဆော် ဆောင်ရွက် လျက်ရှိပါကြောင်း စသည်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ မြို့နယ် မန်နေဂျာနှင့်ဝန်ထမ်းများ၊ ချေးငွေအကြံပေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တောင်သူများ ချေးငွေများ အချိန်မှန်ပေးဆပ်ခြင်းဖြင့် မိမိတို့ပြန်လည်ချေးယူမည့် ချေးငွေများ ပုံမှန်ရရှိနိုင်စေရန် ရည်ရွယ်၍ အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)