မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေးနှင့် မဲရုံများ လျာထားသတ်မှတ်ခြင်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၁၀

မြင်းခြံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေး၊ မဲရုံများ လျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မိုးမြင့်က မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပြုစုထားရှိသည့် အခြေခံ လူဦးရေ စာရင်းဇယားများ မှန်ကန်ရေး၊ မဲရုံလျာထားမှု အခြေအနေများ အဆင်ပြေစေရေး၊ မဲရုံသုံး ပစ္စည်းလိုအပ်မှုများ အဆင်ပြေစေရေး၊ ရွေးကောက်ပွဲ အောင်မြင်ရေးတို့အတွက် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ ဦးဘရန်ရှောင်တို့မှ မြို့နယ်များအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းနှင့်မဲရုံအရေ အတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ဆောင်ရွက်ထားမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည်။ ထို့နောက် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များရှိ မဲဆန္ဒရှင် စာရင်းများနှင့် မဲရုံ အရေအတွက်များ လျာထားသတ်မှတ်ခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ကြောင်း သိရသည်။ မြင်းခြံခရိုင်တွင် ခန့်မှန်းမဲဆန္ဒရှင် စာရင်း (၆၇၈၂၆၁) ဦး ရှိပြီး၊ လျာထား မဲရုံအရေအတွက် (၉၅၉) ရုံ ရှိကြောင်း သိရသည်။  

ကိုကြေးမုံ