ကျောက်တံတားမြို့နယ်တွင် Community Based Facility Quarantine Center အတွက် ကြိုတင်ပြင်ဆင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တံတား၊ စက်တင်ဘာ ၁၉

ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် Community Based Facility Quarantine Center (ပြည်သူ့အခြေပြု သတ်မှတ်အသွားအလာ ကန့်သတ် စောင့်ကြည့်ရာနေရာ)ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်​နေ့နံနက်ပိုင်းက အခြေခံ ပညာအထက်တန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများမှ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများနှင့် အနီးကပ်ထိတွေ့ခဲ့သူများ ထားရှိမည့်နေရာများအတွက် လိုအပ်သည်များ ဝယ်ယူဖြည့်ဆည်းရေး၊  စွန့်ပစ်အမှိုက်များ  စီမံဆောင်ရွက်မည့်အစီအစဉ်အတွင်းစည်းတွင် ကူညီဆောင်ရွက်ပေးမည့်စေတနာ ဝန်ထမ်းများကိုသင်တန်းပေးခြင်းနှင့် ချီးမြှင့်ငွေပေးအပ်မည့်အစီအစဉ် Quarantine Centre တွင် CCTV တပ်ဆင်ရန်နှင့် အင်တာနက်ထားရှိဆောင်ရွက်မည့်အစီအစဉ်များ စသည်တို့ကို အသေးစိတ် ညှိနှိုင်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများမှ (၃၈) လမ်း၊ ပလာဇာ (၆) လွှာရှိ လူဦးရေ (၃၀) ထားရှိနိုင်မည့် Community Based Facility Quarantine Center  သို့ကွင်းဆင်းကာ  မြေပြင်တွင် ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ လုံခြုံရေးဆိုင်ရာဆောင်ရွက်မည့်အစီအမံများကိုဆွေးနွေးခဲ့ကြပြီး အဆိုပါ၊ Quarantine Centerအား စက်တင်ဘာလ (၂၂) ရက်နေ့တွင် စတင်ကာ ထားရှိဆောင်ရွက်သွားရန် စီစဉ်လျက်ရှိ​ကြောင်း သိရသည်။

ရွှေနန်းမေ