ဆီဆိုင် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးကြီးဒဲရယ်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မိမိတို့ အသက်ရှင်နေသည့် ကာလပတ်လုံး အမိမြန်မာပြည် မြေပုံ မပျက်စီးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို အစဉ်ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်အင်အားသည် ပြည်တွင်း၌သာရှိသည်ဟူသော စကားအတိုင်း ပြည်တွင်းငြိမ်းချမ်းရေးကို ရှာဖွေကာ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ရမည်ဖြစ်ကြောင်း၊ သို့မှသာ အတိတ်သမိုင်းက သွေးစက် ချွေးစက်များ ပေးဆပ်ရကျိုး နပ်ပေလိမ့်မည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ အပါအဝင် မြန်မာပြည်သူပြည်သားတို့သည်လည်း အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ကျဆုံးလေပြီးသော အာဇာနည်တို့ကို ဂုဏ်ပြုလျက် အစဉ်မမေ့ သတိရအောက်မေ့နေရမည်ဖြစ်ပါကြောင်း ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)