ချောင်းဆုံ နိုဝင်ဘာ ၁၀
ပြည်သူများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ မလိုလားအပ်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် (၉)နာရီအချိန်က ချောင်းဆုံမြို့မအမှတ်(၂)ဈေးရှေ့တွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မီးသတ်ဦးစီးအရာရှိ ဦးတင်လင်းဦးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ထားသင့်သည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားလာပါက လုပ်ဆောင်ရမည့်အချက်များနှင့် မီးသတ်ဆေးဗူးအသုံးပြုပုံနည်းလမ်းများကို တက်ရောက်လာသူများနှင့် ဈေးသူ/ဈေးသားများအား ရှင်းလင်းပြောကြားပြီး ဈေးသူ/ဈေးသားများမှ လက်တွေ့မီးငြှိမ်းသတ်ခဲ့ကာ မီးသတ်ရေယာဉ်(၁)စီး၊ စည်ပင်ရေယာဉ်(၁)စီးတို့ဖြစ် သရုပ်ပြခဲ့သည်။ အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်နိုင်ဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးဦးအုံးသန့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)