မင်္ဂလာဒုံ စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသည် ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ ညနေ ၅ နာရီက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ လိုက်လံနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့လိုက်လံနှိုးဆော်ပေးခြင်းကို မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်း ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာရေးကော်မတီ၊ ရပ်ကွက် / ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မင်္ဂလာဒုံမြို့နယ်သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်သဖြင့် ကိုဗစ်-၁၉နှင့် ပတ်သက်၍ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိန်းချုပ်နိုင်ရန် အတွက် နေအိမ်ပြင်ပသို့ သွားလာပါက နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပြီးမှ သွားလာကြရန်၊ လက်ကိုဆပ်ပြာဖြင့် စနစ်တကျ မကြာခဏဆေးကြောကြရန်၊ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ မထွက်ကြရန် လူစုလူဝေးများ ရှောင်ကြဉ်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်သူများထံသို့ မေတ္တာရပ်ခံပန်ကြားချက်များနှင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ လိုက်နာ ဆောင်ရွက်ကြရေးစသည့်တို့ကို နေ့စဉ်ညနေပိုင်းမှ စတင်၍ မိမိရပ်ကွက်/ ကျေးရွာများ အလိုက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကာ အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်ဆက်)