ဟိုပန်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး”သင်တန်းဖွင့်လှစ်

ဟိုပန် နိုဝင်ဘာ ၁၀

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ တွဲဖက်ပြည်နယ်မှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက အွန်လိုင်းမှတစ်ဆင့် အဖွင့်အမှာစကားပြောကြားရာ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းများအနေဖြင့် ထိရောက်လွယ်ကူစွာထမ်းဆောင်နိုင်ရန်နှင့် စွမ်းဆောင်ရည်မြင့်မားစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် ယခုပို့ချမည့်ဘာသာရပ်များကို စိတ်ဝင်စားစွာ အလေးထားသင်ကြား၍ မိမိတို့ဌာန၏ လုပ်ငန်းတာဝန်များ အောင်မြင်စေရေး လက်တွေ့အသုံးချဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တွဲဖက်ပြည်နယ်ဦးစီးမှူးကပြည်သူ့ဆက်ဆံရေးဘာသာရပ်နှင့် ဟိုပန်ခရိုင်ဦးစီးမှူး ဦးသိန်းအောင်က ရုံးစာရေးသားနည်းဘာသာရပ်ကို ပို့ချဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းကို နိုဝင်ဘာလ(၁၀)ရက်မှ(၁၂)ရက်နေ့အထိ(၃)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး  ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးစာရေးသားနည်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းစံနှုန်းများ၊ ဝန်ထမ်းကျင့်ဝတ်များ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများနှင့် Digital Library Management System (DLMS) ရေးသွင်းနည်းဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ဟိုပန်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)