မောက်မယ်မြို့၌ ဆောင်းတွင်း ရှမ်းရိုးရာကောက်ညှင်း ကျည်တောက် ပြုလုပ် ရောင်းချ

မောက်မယ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ဆောင်းတွင်းရှမ်းရိုးရာ ကောက်ညှင်း ကျည်တောက် ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် ကောက်ညှင်းဆန်အား(၂)နာရီခန့်ရေစိမ်ထားပြီး  ဆား ၊ သကြား၊ ပဲ၊ အုန်းနို့ စသည်တို့နှင့် သမအောင်မွေပြီး ရေအနည်းငယ်ဖြင့် ကောက်ညှင်းကျည်တောက် ပြုလုပ်မည့် ဝါးအတွင်းသို့ ထည့်၍ နာရီဝက်ကျော်ကျော်ခန့် မီးပြင်းပြင်းနှင့် ဖုတ်ပြီးပြုလုပ်သည်။ ဆက်လက်ပြီး မီးဖုတ်ထားသည့်  ကောက်ညှင်းကျည်တောက်အား ရောင်းချရာတွင် မီးလောင်ကျွမ်းထားသည့် ဝါးကျည်တောက်အပေါ်ခွံအား ဖြူဖွေးလှပစေရန် ဓားဖြင့်ခွာ၍ အခွံပါးပါးဖြင့် ရောင်းချကြသည်။

အရသာအမျိုးမျိုးဖြင့်ပြုလုပ်ထားသည့် ကောက်ညှင်းကျည်တောက်သည် ရှမ်းရိုးရာဒေသအစား အစာတစ်မျိုး ဖြစ်ကာ အရသာထူးကဲကောင်းမွန်ခြင်းကြောင့် လူမျိုးမရွေးဘာသာမရွေး စားသုံးနိုင် သောကြောင့် လူအများ ကြိုက်နှစ်သက်ကြရာ အရွယ်အစားအလိုက် တစ်ချောင်းလျင် ငွေကျပ်(၅၀၀)မှ (၈၀၀)ကျပ်နှုန်းဖြင့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်း ကျည်တောက်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။                                                     

စိုင်းမျိုးသန့်(မောက်မယ်)