မောက်မယ်မြို့နယ်၌ စိုက်ပျိုးထားသော ပဲတီစိမ်းများ အောင်မြင်ဖြစ်ထွန်း

မောက်မယ် နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မိုးနှောင်းကာလပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းနှင့် အထွက်ကောင်းမျိုးများကိုရွေးချယ်စိုက်ပျိုးခြင်းကြောင့် အပင်နှင့်အသီးများ အောင်မြင်ဖြစ်ထွန်းကောင်းမွန်ကြောင်း တောင်သူများထံမှ သိရသည်။

ပဲတီစိမ်းများစိုက်ပျိုးရာတွင် အတန်းလိုက်ဂျောင်းစနစ်ဖြင့်စိုက်ပျိုးကြပြီး အပင်ပေါက်လာပါက မှုန်းခြင်းများဆောင်ရွက်ရကြောင်း အပွင့်မပွင့်မီနှင့်အပွင့်ပွင့်ချိန်၊ သီးကင်းလိုက်ချိန်တွင်ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများပက်ဖြန်းရကြောင်း ယခုနှစ်တွင်တောင်သူများက မျိုးကောင်းမျိုးသန့် ပဲတီစိမ်းများကိုအဓိကစိုက်ပျိုးကြကြောင်း၊ မိုးဦး၌ ပဲတီစိမ်းစိုက်တောင်သူများသည် စျေးကောင်း ရသောကြောင့်ယခု နှစ်မိုးနှောင်းကာလတွင် တောင်သူအများစုက ထပ်မံစိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသက်တမ်းသည် ရက်(၁၀၀)ခန့်ရှိပြီး ရင့်မှည့်သည့်ပဲတီစိမ်းတောင့်များ ခြောက်ခါနီးပြီဖြစ်သဖြင့် ရိတ်သိမ်းရန်ရက်အနည်းငယ်သာလိုတော့ကြောင်း၊ မောက်မယ်ပေါက်စျေးသည် တစ်ပိဿာလျှင်(၂၂၀၀) ကျပ်ရောင်းချရကြောင်း ပုန်းလောကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ ဦးဘောဂထံမှ သိရသည်။

ပဲတီစိမ်းသည် မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်သဖြင့် ရောင်းချရသည့်သီးနှံတစ်မျိုးဖြစ်ပြီး စတင်စိုက်ပျိုးချိန်မှ(၃)လကျော်ပါက စတင်ခူးဆွတ်ရောင်းချရပြီး ရောင်းစျေးအနေဖြင့် ပဲတီစိမ်းတစ်ပိဿာလျှင် (၂၂၀၀)ကျပ်ရောင်းချရကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)