ရမ်းဗြဲ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ဒက္ခိဏာရာမဝိဟာရ (တောင်ကျောင်း) ပရိယတ္တိစာင်တိုက်၌ အရှင်စန္ဒမာလာလင်္ကာရ ပညာရေးဖောင်ဒေးရှင်းမှကြီးမှူး၍ ပဉ္စမအကြိမ်မြောက် ပညာဒါန အခြေခံ ကွန်ပျူတာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
အခမ်းအနားကို ရှေ့ဦးစွာ နမောတဿ ၃ ကြိမ်ရွက်ဆို၍ ဖွင့်လှစ်ပေးကြပြီးနောက် တောင်ကျောင်းပရိယတ္တိစာသင်တိုက် ပဓါနနယက ဆရာတော်ဘုရားကြီးမှ ဩဝါဒစကား မိန့်ကြားပေးသည်။
ယင်းနောက် အရှင်စန္ဒမာလာလင်္ကာရပညာရေး ဖောင်ဒေးရှင်းအဖွဲ့ဝင် ဆရာတော်များဖြစ်ကြသော ထန်ပြိန်ကျောင်းဆရာတော်နှင့် ဇီးတောကျောင်းဆရာတော်တို့က အမှာစကား ပြောကြားပြီးနောက် သင်တန်းဆရာအဖြစ် သင်ကြားပေးမည့် ဆရာတော်ဒေါက်တာတေဇနှင့် ဦးဇဋိလတို့က သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားပေးကြသည်။
အခြေခံကွန်ပျူတာသင်တန်းကို သင်တန်းဆရာ (၃) ဦးက ပို့ချကြမည်ဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ (၄၅) ဦး တက်ရောက်ကြမည်ဖြစ်ရာ သင်တန်းကာလမှာ ၉-၁၁-၂၀၂၂ ရက်နေ့မှ စတင်ပြီး ၇-၁-၂၀၂၃ ရက်နေ့ထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင် (ပြန်/ဆက်)