ကျိုင်းတုံ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မကူးစက်နိုင်သောရောဂါ ကုသမှုဆေးခန်း Non-communicable disease (NCD) Clinic ကို ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ) ရုံးတွင် ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ၊ တွဲဖက်ပြည်နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဆီးချို၊ သွေးချိုရောဂါများ၊ သွေးတိုးရောဂါစသည့် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်း၊ ကုသမှုပေးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီခွဲမှ မွန်းတဲ့ ၁၂ နာရီအထိ မကူးစက်နိုင်သော ရောဂါကုသမှုဆေးခန်း (NCD) Clinic ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျိုင်းတုံမြို့နယ်အတွင်း မြို့ပေါ်ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ပြည်သူများအနေဖြင့် အသက်လေးဆယ်ကျော်သူများ၊ ဆေးလိပ်သောက်သူများ၊ ကွမ်းစားသူများ၊ ဝမ်းဗိုက်ပတ်လည် အဆီများသူများ၊ သွေးချို၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ် ရောဂါသံသယရှိသူများနှင့် ရာဇဝင်ရှိသူများ သွားရောက်ပြသနိုင်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသပေးခြင်း၊ လိုအပ်ပါက လွှဲပြောင်းပေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေး ပညာပေးခြင်းများ ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၉ နာရီခွဲမှ မွန်းတဲ့ ၁၂ နာရီအထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)