မိုင်းယောင်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဝမ်ဇလီလော်)ကျောင်း၌ ယမန်နေ့က ကထိန်အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်းဆရာတော် ဘဒ္ဒန္တဇဋိလ (သာသနတက္ကသီလ ဓမ္မာစရိယ)ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြသည်။
ထို့နောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းယု)ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိဓဇ ဝိစိတ္တသာရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးသက်ဆွေ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကိုဦးနှင့် စေတနာရှင် အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ထေရဝါဒဗုဒ္ဓသာသနာပြု(မိုင်းဟန်)ကျောင်း ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ ကထိန်အလှူတော်မင်္ဂလာကို ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ကျပ်လေးသိန်းနှင့် စေတနာရှင် အလှူရှင်များက စုပေါင်း လှူဒါန်းဖြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း