ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးငွေပေးအပ်

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းပိုင်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူများအား မြေယာလျော်ကြေးပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၁၁ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လျော်ကြေးငွေပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် အဖွဲ့ဝင်များ၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြန်မာ့မီးရထား (စစ်တွေ) ရုံးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြေယာလျော်ကြေးငွေ လက်ခံရယူမည့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္က၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္က  ဦးမောင်စံဝင်းက အမှာစကားပြောကြားပြီး၊   မြန်မာ့မီးရထား (စစ်တွေ) ရုံးမှ စီမံကိန်းအင်ဂျင်နီယာ ဦးနေဝင်းက မြေယာလျော်ကြေးပေးအပ်ခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ မင်းဘူး-အမ်း-စစ်တွေ ရထားလမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ (၅၄) ဦးပိုင် မြေဧက (၅၀.၅၅) ဧကအတွက် မြေလျော်ကြေး (၁၂၆၆၂၅၀၀ဝိ/) အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် တာဝန်ရှိသူတို့က ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကန့်ကွက်ခံရသူ တောင်သူ (၂) ဦး၊ မြေဧရိယာအငြင်းပွားတောင်သူ (၄) ဦး၊ လာရောက်ထုတ်ယူခြင်းမရှိသည့် တောင်သူ (၃) ဦးတို့၏ မြေဧက (၁၀.၇၁) ဧကအတွက် လျော်ကြေး ဆက်လက်ထုတ်ပေးနိုင်ရေး လယ်ယာမြေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ပြီး လျော်ကြေးငွေ လာရောက်ထုတ်ယူခြင်းမရှိသည့် တောင်သူများအား ထပ်မံဖိတ်ခေါ်၍ လျော်ကြေး ငွေများ ပေးအပ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

နီထွန်းအောင် (ပြန်/ဆက်)